ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)
ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌
ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည်
ကာမဂုဏ်အာရုံများကိုလည်း လိုက်စားခြင်း မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို
လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့ စဉ် ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော
စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့ စဉ် ဘဝအတွက်
အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ
ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ အစားအသောက်
အနေအထိုင် အပျော်အပါး စသည်များကို လူ့ သဘာဝအရ မကင်းနိုင်သဖြင့်
ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့
အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည်
ဖြစ်၏။
မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့်
အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ
- သမ္မာကမ္မန္တ
- သမ္မာအာဇီဝ
- သမ္မာဝါယာမ
- သမ္မာသတိ
- သမ္မာသမာဓိ
- သမ္မာသင်္ကပ္ပ
- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို
အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ
အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။ ဘုရားရှင်သည်
အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး
တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို
ကြည့်၍ ဟောကြားခဲ့၏။ အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ
ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က
မည်မျှ ကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
(၁) သမ္မာဝါစာ
သမ္မာဝါစာ
(ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ-
(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။
(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။
(၃) ရုန့် ရင်း ကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။
(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။
(၂) သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန်
မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ-
(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။
(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။
(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။
(၃) သမ္မာအာဇီဝ
သမ္မာအာဇီဝ
(ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊
လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို
ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍
စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့်
အသက်မွေးခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည်
အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို
လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့်
လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား
သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည်
ဖြစ်သည်။ ထိုအကျင့်သီလနှင့် ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း
အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍
လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။
![]() |
photo: internet |
(၄) သမ္မာဝါယာမ
သမ္မာဝါယာမ
(မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ-
(၁) မကောင်းသည့်အမှုများ
(သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး
ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို
ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ
စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို
မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို
မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂)
ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန်
သင်ခန်းစာယူရုံလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန်
အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊
ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင်ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ ကို ရိုသေလေးစားမှု၊
သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား
ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှု ပြု သည်ကို ဝမ်းသာအတုယူ မှု၊
တရားပေစာ နာကြား ဖတ်၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား
တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ
သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို
ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို
သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန်ကြိုးစားခြင်း တို့ ဖြစ်သည်။
(၅) သမ္မာသတိ
သမ္မာသတိ
(မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌
ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏
ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။
(၆)သမ္မာသမာဓိ
သမ္မာသမာဓိ
(မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ-
သမထ ဝိပဿနာတရားကို ရှုမှတ်
အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။
ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့် ပတ်သက်သည့် ကြံစည်မှု၊
သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး
ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ
စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည်ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ
အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။
စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့်
သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည်
အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ်
သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့်
ဆက်စပ်နေသည်။ သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ
လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။ မိမိ၏ နေ့စဉ်ဘဝတွင်
မိမိဘာလုပ်နေသည်ကို သိနေရမည်။
မိမိသူတပါး နှစ်ဦးသားတို့အတွက်
ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို
အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။ မိမိ၏ အပြောအဆို
အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ
ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။ ဤသို့
ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့
အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့်
လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့်
မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ
မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို
သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။ မိမိပြောဆို ပြုလုပ်သည့်
ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး
အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။
ထို့ပြင်
ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ
အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။ ဤနေရာတွင်
မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး
ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး
နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို
စွဲလမ်း လုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင်
ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။
(ရ)သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ
(မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို
အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။ ထို့အပြင်
ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏
စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို
ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ
အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့
ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ
ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။
(၈) သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ
(မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့်
အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။ ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး
လွတ်မြောက်ပါတော့သည်။နေ့ စဉ် ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို
ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍
မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။ အရာရာတွင် ကိုယ်ချင်းစာမှု၊
ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့်ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက်
အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊
ရန်ငြိုး ဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း
ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။
ထို့ ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့ ၏ အခြေခံ အဓိကကျင့်စဉ်)ကို
မိမိတို့ ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ
လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန်
ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှု ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။
အရှင်ပညာသီဟ {လောကချမ်းသာစာဆောင်}
No comments:
Post a Comment